အကြမ်းဖက်မှု နှိမ်နင်းမယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီနဲ့တွေ့စဉ် ဒေါ်အောင်ဆန်း စုကြည်ဆို
အကြမ်းဖက်မှု နှိမ်နင်းမယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်
နရိန်ဒရာ မိုဒီနဲ့တွေ့စဉ် ဒေါ်အောင်ဆန်း စုကြည်ဆို
ပြည်တွင်း၊
စက်တင်ဘာ ၆၊ ၂၀၁၇
ဒေါ်အောင်ဆန်း စုကြည်က
မြန်မာ နိုင်ငံကိုရောက်နေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီနဲ့ ဒီကနေ့ တွေ့ဆုံခဲ့အပြီး
သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရာမှာ အကြမ်းဖက်မှုကို
နှိမ်နင်းမယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း မြန်မာ နိုင်ငံမှာ ဖြစ်ခဲ့တဲ့
အကြမ်းဖက် တိုက်ခိုက်သူတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံက
အခိုင်အမာ ရပ်တည်မှုကို ကျေးဇူးတင်ကြောင်း၊ မြန်မာ့မြေပေါ်မှာ
ရော အိမ်နီးချင်းနိုင်ငံတွေမှာပါ အကြမ်းဖက်မှု
ခြေကုပ်ယူလာမှာကို အတူတကွ ပူးပေါင်း တိုက်ဖျက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း
ဒေါ်အောင်ဆန်း စုကြည် ပြောသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး
ရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တို့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု
တွေနဲ့ ပတ်သက်လို့လည်း အိန္ဒိယဝန်ကြီးချုပ်က စိန်ခေါ်မှုနဲ့
အခက်အခဲတွေကို အပြည့်အဝ သဘောပေါက်နားလည်ကြောင်း၊ ရခိုင်မှာဖြစ်နေတဲ့ အစွန်းရောက် အကြမ်းဖက်
တိုက်ခိုက်ခံရမှု အထူးသဖြင့် လုံခြုံရေး တပ်ဖွဲ့တွေ အတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး
ပူပင်သောကတွေကို ထပ်တူခံစားမိသလို အပြစ်မဲ့ ပြည်သူတွေ အသတ်ခံရမှုကိုလည်း ထပ်တူခံစားနေရပါတယ်လို့
ဝန်ကြီးချုပ်က ပြောသွားပါတယ်။
အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်ကိုလည်း သူ့အနေနဲ့ လုံးဝလက်မခံဘူးလို့
ပြောသွားပါတယ်။
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံအပြီးမှာတော့ ကာကွယ်ရေး၊ ပြည်ထဲရေး၊
ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် နားလည်မှု စာချွန်လွှာ ၁ဝ ခုကျော် လက်မှတ်ရေးထိုးခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေထဲမှာ ကာကွယ်ရေး
ကဏ္ဍဍ၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ရမည်းသင်းရဲသင်တန်းကျောင်း အဆင့်မြှင့်တင်ရေး၊
စိုက်ပျိုးရေးနဲ့ ကျန်းမာရေးကိစ္စတွေ ပါဝင်ပါတယ်။
အိန္ဒိယနိုင်ငံကို လာရောက် လည်ပတ်မယ့် မြန်မာနိုင်ငံသားတွေကို
ပြည်ဝင်ခွင့် ဗီဇာကြေး ကင်းလွတ်ခွင့်ပြုကြောင်းနဲ့ အိန္ဒိယ အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့
မြန်မာနိုင်ငံသား ၄၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်တဲ့ အကြောင်း အိန္ဒိယ ဝန်ကြီးချုပ်က
ကြေညာခဲ့ပါတယ်။
Credit: BBC Burmese
Reference:
http://www.bbc.com/burmese/burma-41177210
Comments
Post a Comment