ဟီရိုရှီးမားမြို့ဖျက်ဗုံး ထက် အခု မြောက်ကိုရီးယားဗုံးက ၁၀ ဆ ပိုပြင်းလို့ ဂျပန်ပြော
နိုင်ငံတကာ၊ စက်တင်ဘာ ၆၊ ၂၀၁၇
မြောက်ကိုရီးယားက နောက်ဆုံးတကြိမ် စမ်းသပ်ပစ်လွှတ်လိုက်တဲ့ နျူကလီးယားဗုံးဟာ ဟီရိုရှီးမား အဏုမြူဗုံးအားထက် ၁၀ ဆ ပိုပြီး ကီလိုတန် ၁၆၀ လောက်ရှိတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး Onodera က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံ ဟီရိုရှိးမားမြို့ ၁၉၄၅ ခုနှစ်မှာ ပြာပုံကျသွားစေတဲ့ အမေရိကန်လုပ်အဏုမြူဗုံးက ၁၅ ကီလိုတန်ရှိပါတယ်။
လာမယ့်ရက်တွေမှာ မြောက်ကိုရီးယားကို ထပ်မံအရေးယူပိတ်ဆို့မယ့် ဆုံးဖြတ်ချက်သစ်ကို အမေရိကန်က တင်ပြမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Nikki Haley က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြပေမဲ့ မြောက်ကိုရီးယားကို ပိုမိုအရေးယူဖို့ အမေရိကန်က တိုက်တွန်းတာတွေဟာ အကျိုးမရှိဘူးလို့ ပြောကြားရင်း ရုရှားသမ္မတ Vladimir Putin က မနေ့က ပယ်ချလိုက်ပါတယ်။
ဒါပေမဲ့ ရုရှားအရှေ့ဖျားက Vladivostok မြို့မှာ ခေါင်းဆောင်နှစ်ဦး မနက်ဖြန်တွေ့ဆုံတဲ့အခါ မြောက်ကိုရီးယားအရေးကိစ္စနဲ့ ပတ်သက်ပြီး ထောက်ခံဖို့ ပူတင်ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက တိုက်တွန်းမယ်လို့ မျှော်လင့်ရပါတယ်။
မြောက်ကိုရီးယားအနေနဲ့ လက်ရှိမူဝါဒကို ပြောင်းလဲဖို့နဲ့ ဒါကိုဆက်ကျင့်သုံးနေရင် တောက်ပတဲ့အနာဂတ်မရှိဘူးဆိုတာ သဘောပေါက်ဖို့လုပ်ရမယ်လို့ ရုရှားနိုင်ငံကို မထွက်ခွာခင်မှာ ဂျပန်ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောကြားပါတယ်။
News credit: RFA Burmese
Photo credit: Naing Myanmar
References link:
https://www.facebook.com/rfaburmese/?hc_ref=ARRPXm_i8yUeZVHMvajFgzr9BxOOpkmuA8H1-tZGYuKbjySJb0vpESBjJ0hJxqlI9Qw&fref=nf
Comments
Post a Comment